ကြို့ပင်ကောက် ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်မှ အိုင်အိုဒင်းချို့တဲ့ရောဂါ ပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုကို မြို့မစည်ပင်သာယာဈေးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု အဖွဲ့ခေါင်းဆောင်တာဝန်ခံဆရာဝန် ဒေါက်တာ ခိုင်သဉ္ဇာဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ အမျိုးသမီးရေးရာအဖွဲ့ဝင်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်းများ ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်းနှင့် အပြင်တို့တွင် လက်လီလက်ကား စားသောက်ကုန်ရောင်းချပေးနေသော ဆိုင်များမှ ရောင်းချပေးသောဆားများတွင် အိုင်အိုဒင်းပါဝင်မှုရှိမရှိအား အိုင်အိုဒင်း Test kit ဖြင့်စစ်ဆေးပြီး အိုင်အိုဒင်းပါဝင်မှု မရှိသောဆားများအား စာသုံးသူပြည်သူ များထံ ရောင်းချမှုမရှိစေရေး၊ ထားသိုသိမ်းဆည်းမှု နည်းစနစ်မှန်ကန်စေရေးတို့အား အသိပညာပေးဆောင်ရွက်ခဲ့သည်။
အိုင်အိုဒင်းပါဝင်မှုမရှိသောစားအား စားသုံးမိပါက လည်ပင်းကြီးရောဂါနှင့် အခြားဆက်စပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ကြို့ပင်ကောက်မြို့တွင် လည်ပင်းကြီးရောဂါ ဖြစ်ပွားသူများရှိသော်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ကုသမှု မရှိသေးကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)