သာယာဝတီ သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါးသီးနှံ (၅၁၇၄၂၆) ဧကစိုက်ပျိုး ထားကြောင်း သိရသည်။
သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးသွားမည်ဆိုပါက စပါးတစ်ဧကအတွက် မျိုးစေ့(၁၀)ပြည် အသုံးပြုရကြောင်းနှင့်ပျိုးသက်နုချိန် စပါးပျိုးသက်(၂၅)ရက် သားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရပြီး၊ စိုက်ပျိုးရာတွင် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် ကောက်ကွက်တစ်ကွက်တွင် ပျိုးပင်(၂)ပင်မှ (၃)ပင်နှုန်း၊ တန်းကြား (၈)လက်မ၊ ပင်ကြား(၆)လက်မ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၁၅) ရက်တွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်း၊ ကောက်ကွက်ဖာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ (၄၅) ရက်ရောက်ရှိပါက ဒုတိယအကြိမ်ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းများ ဆောင်ရွက်ပြီး (၆၅) ရက်ရောက်ရှိသည့် စပါးနှံသန္ဓေကပ်ချိန်နှင့် ရက်ပေါင်း (၁၀၅) ရက်ရောက်ရှိချိန်တွင် မြေဩဇာကျွေးခြင်းများ ထပ်မံပြုလုပ်ရမည် ဖြစ်ကြောင်း ရက်ပေါင်း (၁၃၅) ရက်ကျော်လွန်ပါက စပါးရိတ်သိမ်းခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။
သိပ္ပံနည်းကျစနစ်ဖြင့် စနစ်တကျစိုက်ပျိုးပါက အောင်မြင်သန့်ရှင်းသော မျိုးကောင်းမျိုးသန့်များရရှိခြင်း၊ အထွက်နှုန်း ကောင်းမွန်မှုသေချာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)