မင်းလှ ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးမှတ်တမ်း ကဒ်သုံးစွဲခြင်းဆိုင်ရာ မိတ်ဆက် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က အမှတ်(၂)ရပ်ကွက် အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။ သင်တန်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဖြိုးမင်းပိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲ မြို့နယ်သူနာပြု အဆင့်-၁ ဒေါ်ဥမ္မာဝင်းက ကျောင်းသားတစ်ဦးချင်း ကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းတွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်များ၊ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်းရာဇဝင်၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ကျန်းမာရေးစစ်ဆေး တွေ့ရှိချက်များ၊ ကျန်းမာရေးစစ်ဆေးပေးသူ စသည့်အချက်များကို ရှင်းလင်းဆွေးနွေးပို့ချခဲ့ သည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅၅) ကျောင်းနှင့် ဘ/က ကျောင်း(၄) ကျောင်းတို့မှ မှုလတန်းအဆင့် (KGတန်းသင်) ဆရာ၊ ဆရာမများ (၁၅၉) ဦးတက်ရောက်ခဲ့ပြီး၊ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ပို့ချခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)