ကသာမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ကသာ ဩဂုတ် ၂၉

ကသာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် () နာရီအချိန်က ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးတွင် ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက အစည်းအဝေးပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ကြေညာချက်အရ ယခုရက်ပိုင်းအတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးကြီး၍ ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သော ဒေသများအတွင်း ကသာမြို့နယ်ပါဝင်နေကြောင်း၊ ဖြစ်ပွားလာနိုင်သည့် သဘာဝအန္တရာယ်ကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြာင်း ပြောကြားခဲ့သည်။

ထို့နောက် ကသာမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ မြို့နယ်ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်အောင်က ယခင်ကဆောင်ရွက်ခဲ့သည်များတွင် လိုအပ်ချက်များရှိခဲ့မှုအပေါ် ယခုအခါတွင် ဖြည့်စွက်ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးက ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဖြည့်စွက်အကြံပြုတင်ပြခဲ့ကြသည်။

ထိုသို့ တက်ရောက်လာကြသူများ၏ အကြံပြုဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)