အထက်မင်းလှ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်း၊ ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၆)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းနှင့် ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သောက်သုံးရေထည့်သော ရေလှောင်ကန်များ၊ အုတ်ကန်၊ ကျောက်စည်၊ ပန်အိုးများတွင် ခြင်ခိုအောင်းခြင်းမရှိစေရန်နှင့် ပိုးလောက်လန်းများမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအား လက်တွေ့ပြသပြီး၊ အသိပညာပေးရှင်းလင်းပြောကြားခြင်း၊ အဘိတ်ဆေး ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့နယ်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်အသိပညာပေး ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းများကို ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)