ကန်ကြီးထောင့် သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား တာဝန်ရှိသူများမှ သြဂုတ်လ(၁၈)ရက်နေ့မှ စတင်၍ သြဂုတ်လ (၂၆)ရက်နေ့အထိ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၂ -၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ MCCT အစီအစဉ်တွင် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား သြဂုတ်လ (၁၈)ရက်နေ့တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ သြဂုတ်လ (၂၆)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း ထောက်ပံ့ပေးခဲ့ရာ လူဦးရေ (၅,၉၄၂)ဦးအား တာဝန်ရှိသူများသည် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်း ငွေကျပ် (၂၅၅,၃၄၅,၀၀၀) ဖြစ်ကြောင်း သိရှိရသည်။
မဇင် (ပြန်/ဆက်)