ပခုက္ကူ ဩဂုတ် ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ် ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၉ နာရီအချိန်က ကျင်းပသည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းဌေးက လူကုန်ကူးမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ ရွှေ့ပြောင်းသွားလာရာမှ လူကုန်ကူးမှုခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း တို့ကိုလည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးက လူငယ်နှင့်အားကစား၊ ကျောင်းသား၊ ကျောင်းသူများ၏ အားကစားစွမ်းရည်မြှင့်တင်ရေးအကြောင်းတို့ကိုလည်းကောင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက လူငယ်နှင့်ဗလငါးတန် အကြောင်း၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ် ဓာတ်ရှင်သန်ထက်မြက်ရေးအကြောင်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြပြီး ကျောင်းသား၊ကျောင်းသူများ အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါဟောပြောပွဲကို လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ (လူငယ်) များအား ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကိုလည်း အစဉ်လေ့လာသင်ယူတတ်ကြစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ထာဝစဉ် ရှင်သန်ထက်မြက်စေရန်၊ နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာတက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)