အင်္ဂပူ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အင်္ဂပူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးနှင့် မဲဇလီကုန်း၊ ထူးကြီး၊ ကွင်းကောက်၊ ခြောက်ရွာ၊ ညောင်ကျိုး စသည့်ဈေးများ၌ ဈေးအတွင်း/အပြင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေး ဆောင်ရွက်ကြသည်။
အဆိုပါ အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးနေမျိုးလင်းနှင့်ဝန်ထမ်းများ ပူးပေါင်းပြီး ပလစ်စတစ်မသုံးစွဲရေး အသိပညာပေးခဲ့ကြောင်း သိရသည်။ ‟ကမ္ဘာမြေကျန်းမာဖို့ ပလပ်စတစ် ကိုရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အသားငါးများနှင့်ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင် ပစ္စည်းများအား ပလပ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ချိုင့်များ၊ ဆွဲခြင်းစသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲတတ်စေရန် အသိပညာပေးကြသည်။
မန်းကျော် (ပြန်/ဆက်)