ငါးသိုင်းချောင်း သြဂုတ် ၂၈
ကျုံပျော်ခရိုင် ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၊ အောင်ဆန်းစျေးတို့နှင့် ပျံကျစျေးများ၌ ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့ ပထမဆုံးနေ့ တနင်္ဂနွေနေ့တွင် စျေးရောင်းစျေးဝယ် ပြည်သူများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်နေမှုအား ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ကဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စျေးများအတွင်း လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။
ပြည်သူများအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး လူမှုစီးပွားအဆင်ပြေစေရန်၊ သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ကြောင့် ညစ်ညမ်းမှုသက်သာစေရန်အတွက် ပလတ်စတစ်သုံးစွဲမှုကို လျော့ချရန်လိုအပ်သောကြောင့် ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့ကို သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က အသိပေးပြောကြားခဲ့ပါသည်။
ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများအတွင်း စျေးရောင်းချသူများအနေဖြင့် ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့ ယနေ့ပထမဆုံးတနင်္ဂနွေနေ့မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၌ ပလတ်စတစ်အိတ်များအစား ယခုလို အခြားသင့်လျော်သော ထုပ်ပိုးပစ္စည်းများကိုသာ အစားထိုးသုံးစွဲကြခြင်းဖြင့်ဆက်လက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးခင်ညွန့်က ထပ်မံတိုက်တွန်းနိုးဆော်ခဲ့ကြောင်း သိရှိရပါသည်။
နှင်းယုဝေ