မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအသိပေး နှိုးဆော်

ဂန့်ဂေါ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိ သူများက ဂန့်ဂေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း နှင့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုးဆော်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်း၌ အုတ်လှကျေးရွာနှင့် ဇာဟောကျေးရွာတို့တွင် အသိပေးနှိုးဆော်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်းလိုက်နာကြရန်၊ နေအိမ်ပြင်ပ ထွက်ခွာလျှင် ပါးစပ်နှင့်နှာခေါင်းစည်းများကို မဖြစ်မနေတပ်ဆင်ကြရန်၊ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေး  နှိုးဆော်ခြင်းများကို Hand Speaker များအသုံးပြု၍ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများက အသိပေးကြေညာ ခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်နိုင်ရေး အသိပေးလက်ကမ်းစာစောင်များကိုလည်း ကျေးရွာနေပြည်သူများ၏ နေအိမ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)