ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း  သြဂုတ် ၂၈

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်း အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား၁၂၃  ဦး၊ အမျိုးသမီး၅၀ဦး၊ စုစုပေါင်း အလုပ်သမား ၁၇၃ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့   ရေလမ်း ခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့ သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာန ဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်းရှိ/မရှိ ၊မူးယစ်ဆေးဝါး သယ်ဆောင် လာခြင်းရှိမရှိ သတိပြုစစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ကျန်းမာရေးနှင့်လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများကို တတိယအကြိမ် ဘိုစတာထပ်ဆောင်းထိုးနှံပေးပြီး ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူနှင့် တစ်ကြိမ်သာ ထိုးနှံထားသူများကို ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းမြို့ရှိ Quarantine Center (၃)ခုတွင် အမျိုးသား၊ အမျိုးသမီး သီးခြားစီခွဲခြားထားရှိအထူး ကြပ်မတ်ကာ (၃)ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်စစ်ဆေးပြီး  ရောဂါပိုး တွေ့ရှိခြင်းမရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)