မင်းဘူး ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်အား ရွှေစက်တော် ဘုရားပွဲတော်အမီ ခရီးသွားမြှင့်တင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။
ဘုရားဖူးလာ ခရီးသွားပြည်သူများအနေဖြင့် မင်းဘူး(စကု)မြို့နယ်၏ တန်ခိုးကြီးဘုရားများနှင့် လေ့လာစရာ အထင်ကရနေရာများစွာထဲမှ ရွှေစက်တော်ဘေးမဲ့တော ဥယျာဉ်ရှိ မြန်မာ့ရှားပါး မျိုးစိတ်ရွှေသမင်နှင့် ကြယ်လိပ်များအပြင် ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းမှ ဘန်ဂလိုများ တည်းခို၍ ဆင်များစီးပြီး မြန်မာ့ရှားပါး မျိုးစိတ်များဖြစ်သည့် နို့တိုက်သတ္တဝါ ၁၄ မျိုး၊ ငါးမျိုးစိတ် ၂၂ မျိုး၊ ကုန်းနေ ရေနေသတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၁၁၃ မျိုး၊ စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက်မင်းသား၊ ဗိုက်ဖြူငှက်များကို စိတ်လက်ကြည်လင်အေးချမ်းစွာကြည့်ရှု လေ့လာနိုင်စေရန် ခရီးသွားမြှင့်တင်ခြင်းလုပ်ငန်းများကို ဩဂုတ်လမှ စတင်ကာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေစက်တော် ဘုရားပွဲရာသီမှာ တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ သုံးလတိုင် ကျင်းပလေ့ရှိပြီး မြန်မာ့ ဆယ့်နှစ်လရာသီ ပွဲတော်များထဲတွင် ရက်ရှည်ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။ ယခင်နှစ်များတွင် ပွဲတော်ကျင်းပသည့်အခါ အထက်စက်တော်ရာ အောက်စက်တော်ရာ ပါဒစေတီ နှစ်ဆူ လောက်သာ လူသိများပြီးဖူးမြော်ကြသည်။ ယခုအခါ မင်းဘူးမြို့ပေါ်မှ တန်ခိုးကြီး စေတီပုထိုးများနှင့် အခြားအထင်ကရ နေရာများလည်း အသစ်ပြန်လည်တည်ဆောက် ပြုပြင်ထားသဖြင့် အနယ်နယ် ရပ်ရပ်မှ ခရီးသွား ပြည်သူများအဖို့ နယ်ပယ်စုံ၊ နေရာစုံ၊ ပုံစံအမျိုးမျိုးကို၊ အသွင်သစ်၊ အမြင်သစ်များဖြင့် စိတ်ကြည်လင် အေးချမ်းစွာ ကြည့်ရှုလေ့လာ ဖူးမြော်နိုင်မှာ ဖြစ်ပေတော့သည်။
ဇေယျာထက်(မင်းဘူး)