ဖျာပုံခရိုင်၌ နွေစပါးရာသီတွင် အကျိုးတူကန်ထရိုက် လယ်ယာစနစ် (Contract Farming) ဖော်ဆောင်ရန် ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများတွေ့ဆုံဆွေးနွေး

ဖျာပုံ သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် မြို့နယ်များမှတောင်သူများ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရန်အတွက် နွေစပါးရာသီတွင် အကျိုးတူကန်ထရိုက် လယ်ယာစနစ် (Contract Farming) ဖော်ဆောင်ရန် ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်း​ဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့် ကနွေစပါးရာသီတွင် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (ContractFarming) ဖော်ဆောင်မည့် လုပ်ငန်းဉ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒေသကော်မတီ-၅ ဥက္ကဋ္ဌ ဦးသောင်းဝင်းက နွေစပါးရာသီတွင် အကျိုးတူကန်ထရိုက်လယ်ယာစနစ် (Contract Farming) ဖော်ဆောင်ရန် ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များမှ ဆန်စက်လုပ်ငန်းရှင်များနှင့် တောင်သူများက သိရှိလိုသည်များနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ တွေ့ကြုံရမည့် အခက်အခဲများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒေသကော်မတီ-၅ ဥက္ကဋ္ဌ ဦးသောင်းဝင်း၊ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဆန်စက်လုပ်ငန်းရှင်များ၊ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)