မြန်အောင် သြဂုတ် ၂၇
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၇)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပုသိမ်)မှ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပညာရေးမှူးရုံး၊ ပညာရတနာခန်းမ၌ ယမနေ့နံနက်ပိုင်းက ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ခရိုင်အဆင့် (ရက်တို) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်အောင်ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပုသိမ်)မှ ဒုရဲမှူးကျော်မျိုးသိန်းက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်း ပြောကြားသည်။
သင်တန်းတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့တွင် ပါဝင်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၀၂၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ အကြောင်းနှင့် လူကုန်ကူးမှုများ ဖြစ်ပေါ်လာပါက လူကုန်ကူးခံရသူအား တွေ့ဆုံမေးမြန်းပြီး တရားခံတွေကို ဥပဒေနှင့်အညီ ထိရောက်သည့် ပြစ်ဒဏ်ပေးနိုင်ရေးလုပ်ငန်းစဉ်တွေကို သိရှိပြီး ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူ မြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၄၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ သြဂုတ် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
မြန်အောင် (ပြန်/ဆက်)