ဇလွန် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင် အောင်ချက်အကောင်းဆုံး ဆုရကျောင်းများ ၊ ဂုဏ်ထူးရကျောင်းသား/သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ သည်။
အခမ်းအနားကို အ.ထ.က (၁) ဇလွန် Grade – 10 ကျောင်းသား/ကျောင်းသူလေးများက ပညာရည် ချွန်ဆုချီးမြှင့်ပွဲ သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ယခုအခါ ပညာရေး ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများသည် နိုင်ငံတော် အတွက် အလွန်အရေးကြီးပါကြောင်း အရည်အသွေးရှိသော ပညာရေးကသာလျှင် အရည်အသွေးပြည့်ဝပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူပုဂ္ဂိုလ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်နေသည့် နည်းပညာနှင့် လူသားစွမ်းရည် အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်ကြရာတွင် ကျောင်းသား ၊ မိဘ ၊ ဆရာ ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ ဆိုသည့်ပညာရေးစတုဂံ အားကောင်းရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဖုန်းဇော်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများသည် မြို့နယ် အတွင်း ၂၀၂၂ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ဆုရကျောင်း (၃) ကျောင်း ၊ (၁) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၈၀)ဦး ၊ (၂) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၇၂)ဦး ၊ (၃) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၁၃)ဦး ၊ (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၈)ဦး၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမ (၉၈) ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသော မယဉ်ယဉ်နွယ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)