ဘားအံ ဩဂုတ် ၂၇
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်နေပြည် သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းကအခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မဲဘောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)နှင့် တောင်ကလေးအခြေခံပညာအထက်တန်းကျောင်းတို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ များမှတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း ၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုနှင့် အဆိုပါကျောင်းများရှိ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ အားကစားကွင်း၊ သန့်စင်ခန်း၊ ဆရာ/မနေအိမ်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်ထားသော ဘားအံမွေးမြူရေးဇုန်အတွင်း တောင်သူများလုပ်ငန်းတိုးတက်ဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးရာ မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာအောင်မြင့်ဟန်က ဇုန်အတွင်းတိရိစ္ဆာန်ကောင်ရေ တိုးတက်မွေးမြူမှု၊ စိုက်ပျိုးရိတ်သိမ်းကျွေးမွေးသည့်(Cut & Carry)စနစ်ဖြစ်သည့် အတွက်တိရိစ္ဆာန် အစာစိုက်ပျိုးထုတ်လုပ်မှု၊ဇီဝလုံခြုံမှုနှင့်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြင်ဆင်ဆောင် ရွက် ထားမှုအခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးဇုန်ကော်မတီဥက္ကဋ္ဌဦးသိန်းမြင့်က ဇုန်အတွင်းသန့်ရှင်းရေးစနစ်၊ အစာ၊ ဆေးဝါးနှင့်ရေ၊ မီးရရှိမှုအခြေအနေများကိုလည်းကောင်း၊ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က တောင်သူများဝင်ငွေပြန်လည်ရရှိမှုအခြေအနေများ ကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမွေးမြူရေးဇုန်၏ ထုတ်လုပ် မှုပမာဏကိုသိရှိနိုင်ရေး စာရင်းပြုစု၍ လစဉ်တင်ပြပေးရန်၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၈ ဘီလီယံကို မတည်ထောက်ပံ့ပေးထားပြီး အဆိုပါငွေဖြင့် လျှင်မြန်စွာအကျိုးအမြတ် ဖြစ်ထွန်းနိုင်သော ဆိတ်၊ ကြက်မွေးမြူထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့လိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားကာ လိုအပ် သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးအောင်ကျော်သူ၏ သိုး၊ ဆိတ်မွေးမြူရေးခြံ၊ တောင်သူဦးကျော်မြင့်၏ အသား စားနွားမွေးမြူရေးခြံ၊ တောင်သူနော်မမခိုင်၏ ဥစားကြက် မွေးမြူရေးခြံတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း ရေရရှိရေးလုပ်ငန်း Pump House (15 x 12 x 10) တည်ဆောက်ပြီးစီးမှုနှင့် 100 KVA Transformer တပ်ဆင်ပြီးစီးခြင်း လုပ်ငန်းတို့အာ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)