ပေါက် စက်တင်ဘာ ၁၄
ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို စက်တင်ဘာ ၁၄ ရက် နေ့မှစတင်၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မရှိတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံတွင် အမျိုးသားရေး တာဝန်အဖြစ် ကာကွယ် တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်သူလူထုက လိုက်နာဆောင်ရွက်ရန် ပန်ကြားချက်များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ချက်များကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အသံချဲ့ စက်များနှင့် အသိပေးကြေညာဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် လူစူလူဝေးမှတစ်ဆင့် လျှင်မြန်စွာ ကူးစက်နိုင်သဖြင့် လူစုလူဝေးနှင့် လူထူထပ်သောနေရာများကို နေထိုင်သွားလာခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ခြင်းဖြင့် ရောဂါကူးစက် မပြန့်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပေါက်မြို့နယ်၌ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှရောင်းချသော အစားအသောက်များကို ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမပြုစေဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)