နတ်မောက် ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေး စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က အခြေခံစာရင်း ဇယားများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများဖြင့် ပေါင်းစပ်လုပ်ကိုင်ရမှာ ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအနေဖြင့် မဲစာရင်းများ မှားယွင်းမှုမရှိစေရန် စနစ်တကျ ပြုလုပ်ပေးလိုကြောင်းနှင့် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း (Pilot Project) လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိချက်များနှင့် ပတ်သက်၍ အကြံပြုပေးစေကြောင်း လက်ရှိစာရင်း ဇယားများအား EID Software စနစ်ဖြင့် ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက် ပြည့်မီအောင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်မှ ဒေါ်ဟေမာလှိုင်(ဦးစီးအရာရှိ)က မဲစာရင်းပုံစံတွင် မှတ်ပုံတင်နံပါတ်များ မထပ်စေရန်နှင့် မွေးသက္ကရာဇ်များ မှန်ကန်မှုရှိစေရန် စိစစ်ပေးလိုကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း
မြို့နယ်ပြန်/ဆက်