တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး ထားဝယ်မြို့ရှိ ဘုန်းတော်ကြီးသင် စာသင်တိုက်နှင့် ပရဟိတဂေဟာကျောင်းများသို့ ကြည့်ရှု့၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး

ထားဝယ် သြဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းနှင့် ပရဟိတ ဂေဟာကျောင်းများသို့ ကြည့်ရှု့၍ ကျောင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက  ဘုန်းတော်ကြီးသင် စာသင်တိုက် ပခုက္ကူကျောင်း၊ လေးထပ်ကျောင်း၊ ဇေယျာဘုမ္မိပရဟိတဂေဟကျောင်းနှင့် တိုင်းရင်းသား မိဘမဲ့များ ဘက်စုံပညာဖွံ့ဖြိုးရေး အမျိုးသမီး ပညာသင်ကျောင်းရှိ စာသင်ကြားနေသော စာသင်သားများအား လှည့်လည်ကြည်ရှု့အားပေးပြီး စာသင်သားများ၏ လိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များနှင့် ကျောင်း၏ဝေယျာဝစ္စကိစ္စရပ်များကို မေးမြန်းကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက တိုင်းဒေသကြီးပညာရေးမှူးရုံး၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံပြီး ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနေဖြင့် သင်ကြားရေးတွင် ဆရာ၊ ဆရာမ မလုံလောက်မှု၊ သင်ထောက်ကူပစ္စည်း လိုအပ်မှု၊ စသည့် အခက်အခဲများ ရှိနေသည်ကို သိရှိရကြောင်း၊ ယခုတွေ့ဆုံပွဲသို့ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ကျောင်းတာဝန်ခံများက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ အခြေအနေကို တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူး ဦးဝင်းနောင်က ဘုန်းတော်ကြီးသင်ပညာကျောင်းများတွင် ပညာသင်ကြားနေသည့် စာသင်သားများသည် ဆင်းရဲချို့တဲ့သူများလည်းရှိကြောင်း၊ ယခုလို ကျောင်းဖွင့်လှစ်ပြီး သင်ကြားပေးနေသည့် ဆရာတော်သံဃာတော်များနှင့် သီလရှင်များ၊ လူပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအနေဖြင့် အခက်အခဲများကြားက အောင်မြင်အောင်ဆောင်ရွက်ပေးနေသည်ကို တွေ့ရပါကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီးသာသနာရေးမှူး ဦးဇော်ဝင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးစစ်ဆေးပေးရန်၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးရန် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ စားဝတ်နေရေးအတွက် ပံ့ပိုးကူညီပေးရန် စသည့်တို့ကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)