မြို့သစ် စက်တင်ဘာ ၁၄
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အား ဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ ယမန်နေ့က မြို့သစ်မြို့၏ ကျက်သရေဆောင်သာလေး သာသမိုင်းဝင်ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ကိုနိုင် ဦးဆောင်ကာ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၇)ဦးခန့်တို့က ရွှေဘုံသာ ကျောင်းဝန်းအတွင်းရှိ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေး၊ စေတီတော်မြတ်ကြီးနှင့် အရံ စေတီတော်များ သန့်ရှင်းခြင်း ၊ ရေညှိများ အမှိုက်သရိုက်များနှင့် ခြုံနွယ်သစ်ပင်များ ရှင်းလင်းခြင်း စသည်တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)