မုံရွာ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာကဗျာချစ်မြတ်နိုးသူအသင်းက အမှတ်(၂)၊၂၀၂၂ခုနှစ်၊ ဩဂုတ်လတွင်ရေးသားထုတ်ဝေသည့် မြန်မာကဗျာမော်ကွန်း မဂ္ဂဇင်းစာအုပ်ပါခေါင်းစဉ်များဖြင့် ယနေ့နံနက်ပိုင်းက (၆၉)ကြိမ်မြောက် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဦးဆောင်ဆွေးနွေမည့် မြန်မာကဗျာ ချစ်မြတ်နိုးသူအသင်းအထွေထွေအတွင်းရေးမှူးနှင့် မြန်မာကဗျာမော်ကွန်း မဂ္ဂဇင်းတာဝန် ခံစာတည်း ဦးသန်းထွန်း(မြတ်သုတမြန်မာစာ)၏ ကိုယ်ရေးအတ္ထုပ္ပတိအကျဥ်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ဖတ်ကြားတင်ပြခဲ့ပြီးနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ် ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြန်မာကဗျာချစ်မြတ်နိုးသူအသင်း အထွေထွေအတွင်းရေးမှူးနှင့် မြန်မာကဗျာမော်ကွန်း မဂ္ဂဇင်းတာဝန်ခံစာတည်း ဦးသန်းထွန်း(မြတ်သုတ-မြန်မာစာ)က မုံရွာမြို့အခြေပြု စာရေးဆရာများနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Book Club အဖွဲ့ဝင် စာပေဝါသနာရှင်များက အဆိုပါ မြန်မာကဗျာမော်ကွန်း မဂ္ဂဇင်းစာအုပ်ပါ ဂန္တဝင်မော်ကွန်း ကဗျာရှည်၊ အဖွင့်မော်ကွန်းကဗျာ၊ ဧည့်ခံမော်ကွန်းကဗျာ၊ သမိုင်းမော်ကွန်းကဗျာရှည်၊ ကဗျာဆိုသည်မှာ အဘယ်နည်း၊ ရသမော်ကွန်းကဗျာစု(၁)(၂)(၃)(၄)စသည့် ကဗျာသိမှတ်ဖွယ်ရာ ဗဟုသုတများကို အသီးသီးဆွေးနွေးခဲ့ကြမှုများအား စာရေးဆရာ ရွှေရည်စိုးကထပ်ဆင့်ဖြည့်စွက် အကြံပြု ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စာရေးဆရာများ၊ (Book Club)စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို အပတ်စဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)