မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းများအား စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်

မကွေး ဩဂုတ် ၂၇

ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကား ပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် ဒေသ၏ ယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင်အလှအပများအား ထိန်းသိမ်း၍ ဒေသခံပြည်သူမျာအား အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိစေသည့်အပြင် ခရီးသွားလုပ်ငန်ငန်းမှ ရရှိသည့် အခွန်အခများ၊ ခရီးစဉ်ဒေသဝင်ကြေးများနှင့် ခရီးသွားဧည့်သည်များမှ သုံးစွဲသည့် ငွေကြေး များသည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြု စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း အမျိုးအစားများစွာရှိရာမှာ မိမိတို့ နေရာဒေသနှင့် သင့်လျော်သော ယဉ်ကျေးမှု၊ သဘာဝအခြေခံခရီးသွားနှင့် အပန်းဖြေလုပ်ငန်းများမှ ဒေသ ဝင်ငွေများ တိုးပွားရရှိလာမည်ဖြစ်ပါကြောင်း၊ မကြာမီကာလအတွင်း ခရီးသွားရာသီ ရောက်ရှိတော့မည်ဖြစ်၍ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်ပါကြောင်းနှင့် ယခုကျင်းပပြုလုပ်သည့် စီးပွားရေးစီမံခန့်ခွဲမှုဆွေးနွေးပွဲမှ ဟိုတယ်နှင့်ခရီးသွားကဏ္ဍမှ ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် ဆွေးနွေးချက်ရလဒ်များ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးမှ နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုတံဆိပ်ရရှိသော  မင်းမင်းဟိုတယ်အား အသိအမှတ်ပြု တံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ရာ မင်းမင်းဟိုတယ်မှ တာဝန်ရှိသူတစ်ဦးမှ လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတက္ကသိုလ် စီးပွားရေးပညာဌာနမှ ကထိက ဒေါ်သင်းသင်းမော်က စီးပွားရေးရာ စီမံခန့်ခွဲမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်က မီဒီယာနှင့်သတင်းအချက် အလက်စီမံခန့်ခွဲမှုဆိုင်ရာ များအားလည်းကောင်း၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းထက်က ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ(မကွေး)