စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှစည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်ရန်စည်ပင်သာယာရေး ကော်မတီအဖွဲ့ ဝင်များနှင့်အစည်းအဝေးကျင်းပ

စလင်း  သြဂုတ်  ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမြင့်မြတ်၊ စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်မြင့်၊ စည်ပင်သာယာ စျေးကော်မတီဝင်များနှင့် စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်တွင် ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ်မှ အစည်းအဝေး ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် စလင်းမြို့နယ်အတွင်း သန့်ရှင့်သာယာ လှပစေရန်နှင့်မြို့နယ်အတွင်းရှိ ရေဆိုးထုတ်ရေမြောင်းများ ယခုမိုးရာသီကာလရေစီးရေလာကောင်းမွန်စေရန်နှင့် စလင်းစည်ပင်သာယာပန်းခြံအတွင်းသန့်ရှင့်၍ ပြည်သူအများ ပန်းခြံအတွင်းသို့ လာရောက်လည်ပတ်လျှင် လူကြီးလူငယ်မရွေး စိတ်ချမ်းမြေ့မှုရှိစေပြီး ပျော်ရွှင်ကြည်နူးစေရန် ပန်းခြံအတွင်းတီထွင်၍ လှပစေမည်အရာများ အမြဲတစေလုပ်ဆောင်ကြရန်နှင့် စလင်းမြို့မစျေးနှင့် ဆင်ဖြူကျွန်းစျေးအတွင်းအပြင် သန့်ရှင်းရေးကိုနေ့စဥ် ပြုလုပ် ဆောင် ရွက်ရေး၊ မြို့နယ်အတွင်းရှိရပ်ကွက်နေအိမ်များမှ မီးဖိုချောင်သုံး အမှိုက်များကိုလည်း အမှိုက်သိမ်းယာဥ်များ၊ စည်ပင်သာယာ‌ရေးဝန်ထမ်းများမှ ပြည်သူများနှင့်အဆင်ပြေစွာ သိမ်းဆည်းလုပ်ဆောင်ကြရန် နေ့စဥ်ဆောင်ရွက်ခြင်းအားဖြင့် ကိုယ်မြို့ဒေသသန့်ရှင်းသာယာ လှပစေမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများအကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များဖြင့် စည်ပင်သာယာရေးအဖွဲ့ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် စျေးကော်မတီအဖွဲ့ဝင်များမှ လုပ်ဆောင်ရမည့်ဆောင်ရွက်ချက်များ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး စည်ပင်သာယာကော်မတီဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့သန့်ရှင်းသာယာရေးအတွက် ရှေ့လုပ်ဆောင်ရမည့်ဆောင်ရွက်ချက်များအား အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးမြင့်မြတ်မှ ပြောကြားခဲ့သည်။ ဆက်လက်၍ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စုပေါင်း၍ ရုံးဝိုင်းအတွင်း အပြင်နှင့် စည်ပင်သာယာရေးရုံးအား သန့်ရှင်းပြုလုပ်ကြကြောင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။               

မောင်လွင်(စလင်း)