ပုသိမ် ဩဂုတ် ၂၇
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သစ်တောဦးစီးဌာနမှ (၂၀၂၂)ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်- ၂ အကြီးစားစက်မှုလုပ်ငန်း အမှတ်(၃၆) အကြီးစားစက်ရုံ မှန်ထုတ်လုပ်ရေးဌာန၊ ပုသိမ်မြို့မှန်စက်ရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခင်ဇော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်နှင့် မြို့နယ်ဌာန ဆိုင်ရာများ၊ တိုင်း၊ ခရိုင်နှင့်မြို့နယ်များမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာ များမှ အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့ဝင်များ၊ NGO အသင်းအဖွဲ့များနှင့်ရပ်ရွာအထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပျိုးပင်များစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် ဧရာဝတီ တိုင်းဒေသကြီးအနေဖြင့် မိုးများသည့်တိုင်းဒေသကြီး ဖြစ်သည်နှင့်အညီ မိုးရာသီအတွင်း အချိန်မီစိုက်ပျိုးနိုင်မှသာ သစ်ပင်များရှင်သန်မှုကောင်း မွန်နိုင်မည် ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ်ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေများတိုးပွားလာစေရေးတို့အတွက် တိုင်းဒေသကြီးအနေဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပွဲများကို ပြုလုပ်ရခြင်းဖြစ် ကြောင်း၊ ရေမြေတောတောင် သဘာဝ သယံဇာတများ ပေါကြွယ်သည့်နိုင်ငံဖြစ်သော်လည်း လူဦးရေတိုးပွားလာခြင်း၊ ရာသီဥတုများပုံမှန် မဟုတ်ပဲဖောက်ပြန်လာခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်အကြောင်းအရာများကြောင့် သဘာဝသယံဇာ တများလျော့နည်းလာစေကြောင်း၊ လျော့နည်းလာတဲ့ သဘာဝသယံဇာတများထဲမှ သစ်တောသယံဇာတများလည်း ပါဝင်နေကြောင်း၊ နောင်လာမည့်မျိုးဆက်သစ် များအတွက်မျိုး ဆက်မပြတ်စေရန် စဥ်ဆက်မပြတ် ပြန်လည်သုံးစွဲနိုင်ရေးအတွက် ပြန်လည် ဖြည့် တင်းပေးဖို့ မြန်မာနိုင်ငံသားတိုင်း တာဝန်ရှိကြောင်းပြောကြားသည်။ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ခရိုင်နှင့်မြို့နယ်အသီးသီးမှာ လူထုဖြန့်ပျိုးပင်များဖြန့်ဝေစိုက်ပျိုးခြင်း(၁၄၁၅၈၀၀)ပင်ကို ဖြန့်ဝေစိုက်ပျိုးပေးခဲ့ပြီး၊ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲ(၂၃)ပွဲ၊ မိုးရာသီသစ်ပင်စိုက်ပွဲ(၂၁)ပွဲ၊ ဘက်စုံကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ သစ်ပင်စိုက်ပျိုးပွဲ(၁၄)ပွဲ၊ စုစုပေါင်း(၅၈)ပွဲအပြင် အပြည်ပြည် ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာမြို့နယ်များတွင် အုန်းပင် ပေါင်း(၃၀၀၀)နှင့် ဒီရေတောပင်(၉၅၅၀) စိုက်ပျိုးပေးခဲ့ပြီးဖြစ်လို့ စိုက်သမျှအပင်များ ရှင်သန်အောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲကို ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့မှဦးဆောင်ကာ ပျိုးပင်များစိုက်ပျိုးပေးခဲ့ကြပြီး အခမ်းအနား တက်ရောက်ကြသူများ၏ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့စိုက်ပျိုးပေးခဲ့ကြသည့် ပျိုးပင်များမှာ ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ တောင်သရက် စသော ပျိုးပင်ပေါင်း တစ်ထောင်ကျော်ကိုစို က်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်ခရိုင်ပြန်/ဆက်)