ဟားခါး သြဂုတ် ၂၇
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ချင်းပြည်နယ်မှ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွင်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွင်းထန်က ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်း ပေးနိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေး စသည့် ဦးတည်ချက်(၄)ရပ်ကို ချမှတ်ကာ ကျင်းပမည်ဖြစ်ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ၂၀၁၆ ခုနှစ်တွင် ရပ်တန့်ခဲ့သည့် အတွက် အကျိုးဆက်အားဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များအကြား မြန်မာ့ရိုးရာ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်းပြန့်ပွားနိုင်သည့် ပညာရှင်များ လျော့ပါးလာခြင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့်လှုပ်ရှားမှုများ ခေါင်းထောင် လာရုံမျှမက ရိုးရာယဉ်ကျေးမှု၏ အမွေအနှစ်အချို့ကို ပညာရှင်များ စိတ်မချမ်းမသာဖြစ်ရသည့်အထိ ထိပါးသွေးတိုးစမ်းခြင်းများ ရှိလာကြောင်း၊ အနုသုခမ ယဉ်ကျေးမှုနှင့် မိရိုးဖလာ ဓလေ့ထုံးတမ်းများသည် အပြန်အလှန် အမှီသဟဲပြု၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ရိုးရာ ယဉ်ကျေးမှု အနုသုခမများ မှေးမှိန်သွားသည့်အခါ နေ့စဉ်ဖြတ်သန်းရသည့် လူမှုဘဝများတွင် အပြန်အလှန်လေးစားမှု၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုပြီး အလေးထားကြသည့် မိရိုးဖလာဂါဝရတရားများပါ ကွယ်ပျောက်လုနီးပါး ဖြစ်လာခဲ့သည့်အတွက် နိုင်ငံတော်အစိုးရမှ ယခုလို ပြိုင်ပွဲများ ကျင်းပရာစီစဉ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဘာသာရပ်များကို ရွေးချယ်ထားသူများအနေဖြင့် ချင်းပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် ကောင်းသောယှဉ်ပြိုင်မှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုကြောင်း၊ ပြိုင်ပွဲအားလုံးတွင် ပါဝင်ယှဉ်ပြိုင်ရန်ရှိသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲများတွင် ဆုရရှိရေးနှင့် ကောင်းမွန်သော ရလဒ်များ ရရှိရေး မျှော်မှန်းကာ ကြိုးစားယဉ်ပြိုင် ကြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှက သြဂုတ် ၁၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လမ်းညွှန်ချက်များကို လည်းကောင်း၊ ပြိုင်ပွဲဝင်ရောက် ယဉ်ပြိုင်နိုင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးနှင့် တွဲဖက်အတွင်းရေးမှူး ပြည်နယ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်းတို့က ချင်းပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဘာသာရပ်အလိုက် လျာထားမှု အခြေအနေ၊ ပြိုင်ပွဲဝင်များ ရွေးချယ်ထားရှိမှုနှင့် လေ့ကျင့်နေမှု အခြေအနေ၊ အုပ်ချုပ် ထောက်ပံ့ရေးဆိုင်ရာများနှင့် ပြိုင်ပွဲဝင်ရန် ရွေးချယ်ထားသည့် တိုင်းရင်းသား ကျေးလက်ရိုးရာ အကကို video clip ဖြင့်လည်းကောင်း ရှင်လင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ချင်းပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ပြပါ ပြိုင်ပွဲဝင် အင်အားစာရင်းနှင့် ပတ်သက်ပြီး အမှန်တကယ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အင်အား စာရင်းများ ပြန်လည်စိစစ်တင်ပြရန်၊ ပြိုင်ပွဲယှဉ်ပြိုင်နိုင်ရေး ကုန်ကျစရိတ်များနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခုလေ့ကျင့်နေစဉ် ကာလ အတွင်းမှာလည်း ထောက်ပံ့ပေးရမည့်ကိစ္စများရှိပါက ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပေးပို့တင်ပြစေ လိုကြောင်း ဖြည့်စွက်ဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ချင်းပြည်နယ်မှ အဆိုပြိုင်ပွဲတွင် (၈)ဦး၊ အကပြိုင်ပွဲတွင် (၄၀)ဦး၊ အရေးပြိုင်ပွဲတွင် (၂)ဦး၊ အတီးပြိုင်ပွဲတွင် (၂၀)ဦး၊ စုစုပေါင်း (၇၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန် /ဆက်)