စစ်ကိုင်းမြို့တွင် မဖြစ်မနေ နေအိမ်ပြင်ပထွက်လာသူ ပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်း၊လက်သန့် ဆေးရည်များဖြင့် ဆေးကြောပေးခြင်းများပြုလုပ်ပေး

စစ်ကိုင်း စက်တင်ဘာ ၁၄

စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်ရှိ မြင့်မြတ်သူ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ နေအိမ်ပြင်ပ မဖြစ်မနေထွက်လာသူ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ လက်သန့်ဆေးရည်များ ဆေးကြောပေးခြင်း တို့ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ အဖွဲ့အနေနဲ့ ရပ်ကွက်ထဲကနေ မဖြစ်မနေ စစ်ကိုင်းမြို့ထဲကို ထွက်ခွာ သွား တဲ့ ပြည်သူတွေကို ခေတ္တခဏ ရပ်တန်းစေပြီး ကျန်းမာရေးအတွက် အပူချိန်တွေ တိုင်းတာ ပေးတယ် နှာခေါင်း စည်းတွေတပ်ဆက်သွားကြဖို့ အသိပညာပေး နှိုးဆော်ပေးတယ် နောက်ပြီး လက်ဆေးရည်တွေလည်း ဆေးကြောပေးခဲ့ပါတယ် အခုဆို ဒီရောဂါက နေရာ ဒေသအသီးသီးမှာ ပျံ့နှံ့နေပါပြီ တစ်ဦးတစ်ယောက်က နေစပြီး စည်းကမ်းရှိမှ ရောဂါ ကူးစက်မှုတွေ လျော့နည်းလာမှာပါ ကျွန်တော်တို့ ရပ်ကွက်ကနေ စစ်ကိုင်းမြို့ထဲ ကို(၄) မိုင်လောက် သွားရပါသေးတယ် ရပ်ကွက်ထဲကိုဝင်လာတဲ့ ပြည်သူ တွေကိုလည်း ကျန်းမာ ရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးပါတယ် " ဟု မြင့်မြတ်သူ ပရဟိတအသင်းမှ တာဝန်ရှိ သူ တစ်ဦးကပြော သည်။

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်များထားရှိပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားအခြေအနေများ မေး မြန်းခြင်းနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပရဟိတအဖွဲ့များမှလည်း အချက်အခြာကျ သည့် နေရာများတွင် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်နေကြကြောင်းသိရသည်။

ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)