မြောင်းမြ ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး ယာဉ်တိုက်မှု ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်လာပါက အရေးယူဆောင်ရွက်သည့် ဥပဒေများ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ ဆိုင်ကယ်နှင့်ကားများ အန္တရာယ်ကင်းစွာ စီးနင်းမောင်းနှင်ရမည့် အချက်များ၊ ယာဉ်တိုက်မှုအများဆုံး ဖြစ်လေ့ရှိသည့် အချက်များ၊ မြောင်းမြမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းဆောင်ရွက်ထားသည့် အဖွဲ့အစည်းများနှင့် အသိပညာပေးမှုကို မေးမြန်းရာ မြောင်းမြမြို့ အမှတ် (၈၁)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုတိယရဲမှူး ညီညီအောင် ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေး လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)