လိပ်သို စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များ ယမန်နေ့မှစတင်၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့်အပြင် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်ပြည်သူလူထုမှ လိုက်နာဆောင်ရွက်ရန် ပန်ကြားချက်များကိုလည်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးမှတစ်ဆင့် လျင်မြန်စွာကူးစက်နိုင်သဖြင့် လူစုလူဝေးနှင့် လူထူထပ်သောနေရာများကို နေထိုင် သွားလာခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ခြင်းဖြင့် ရောဂါကူးစက်မပြန့်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် လိပ်သိုမြို့၌ စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များနှင့် အသုပ်ဆိုင်များမှ ရောင်းချသော အစားအသောက်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မပြုစေပဲ ပါဆယ်စနစ် ဖြင့်သာ ရောင်းချစေရေးကို စားသောက်ဆိုင် လုပ်ငန်းရှင်များအား ညွှန်ကြားထားပြီးဖြစ်ရာ အဆိုပါညွှန်ကြားထားသည့်အပေါ် တိကျစွာ လိုက်နာ ဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်ထံမှ သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)