မကွေးခရိုင် အမျိုးသမီးကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေး ဩဂုတ် ၂၆

မကွေးခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်အား ကိုယ်စားပြုသည် အမျိုးသမီးများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အင်အားစုတစ်ရပ်အဖြစ် ပါဝင်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများရဲ့ အခွင့်အရေးများကို အသိအမှတ်ပြုနားလည်လက်ခံစေနိုင်မည့် လုပ်ငန်း စနစ်များနှင့်ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးမျာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက မိမိတို့ခရိုင်အတွင်း အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အမျိုးသမီးကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ(မကွေး)