ကျွန်းလှ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဒေါ်မာမာအေး၏ ယာမြေတွင် ယနေ့နံနက် ၇ နာရီက မိုးနှောင်းချည်မျှင်ရှည်ဝါ စုပေါင်းစိုက်ပျိုးကြောင်း သိရသည်။
စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါ စုပေါင်းစိုက်ပျိုးခြင်းဖြင့် စိုက်နည်းစနစ်မှန်ကန်ခြင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုခြင်း၊ တစ်ဧက ပိဿာ ၁၀၀၀ ကျော်ထွက်ရှိရေးအတွက် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။
အဆိုပါ ဝါသီးနှံ စိုက်ပျိုးတောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ဝါသီးနှံအထွက်တိုးရေး၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ဖော်စပ်အသုံးပြုရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါကို ၂၄ ဧကစိုက်မည်ဖြစ်ကြောင်း၊ တောင်သူများအား ဝါမျိုးစေ့များ ထောက်ပံ့ပေးကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် ရွှေတောင် (၁၀)၊ ရွှေတောင် (၈) ဝါမျိုးများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ