ပခုက္ကူ ဩဂုတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကာ ဩဂုတ်လ၂၆ရက် နံနက် ၉နာရီအချိန်က စာပေစကားဝိုင်းကျင်းပပြုလုပ်သည်။
အဆိုပါစာပေစကားဝိုင်းတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ညှိနှိုင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄)မှ စကားဝိုင်းတွင်ပါဝင်သည့် သင်တန်းသူများအား တစ်ဦးချင်းအလိုက် ဖိတ်ခေါ်ဆွေးနွေးစေရာ မဆုစန္ဒီလှိုင်က "အသက်(၂၀)အရွယ်မှာ ပြောင်းလဲမည့် အချက်(၂၀)" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မသဲအိဖြူက" အောင်မြင်သူများ ပြုလုပ်လေ့ရှိသည့်ကိစ္စရပ် (၁၀၀)" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသန္တာနွယ်က "လူငယ်မောင်မယ်များနှင့် သဘာဝတရားများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိရတနာပြည့်က" လျှို့ဝှက်တဲ့သန်းကြွယ်သူဋ္ဌေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မမြင့်မြင့်သွယ်က "လူတိုင်းမှာအမေရှိတယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးသန္တာက " သမီး ဂုဏ်ရည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရီရီသင်းက “ဘဝကိုအဆုံးအဖြတ်ပေးတဲ့ အသက်(၂၀)ကျော်အရွယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလင်းထက်မိုးက “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစန်းအောင်နှင့်ဝန်ထမ်းများ၊ အမျိုးအသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့်ဝန်ထမ်းများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄)မှ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးကြပြီး အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
စာပေစကားဝိုင်းကို ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ အပါအဝင် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး၊ လူငယ်တို့၏အတွေးအမြင်ကောင်းများဖြင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား အကောင်အထည်ဖော်ထူထောင်နိုင်ရေး၊ လူငယ်များအကြား စာပေချစ်မြတ်နိုးစိတ်များဖြစ်ပေါ်လာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေများအပေါ်အမြင်ချင်းဖလှယ်နိုင်စေရေး၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ထာဝစဉ် ရှင်သန်ထက်မြတ်စေရေးတို့အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)