ပဲခူး ဩဂုတ် ၂၆
ပဲခူးမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား GTI ကျောင်း(၃)ထပ်တွင် နေရာချထားရေး ဆောင်ရွက်ရန်အတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအော်ဇော်လတ် က တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်မည့် ပုဂ္ဂိုလ်များအား စနစ်တကျ လက်ခံဆောင်ရွက်ရန်၊ GTI ကျောင်း(၃)ထပ်ဆောင်တွင် ပြိုင်ပွဲဝင်များ အဆင်ပြေစွာ တည်းခိုနေထိုင်နိုင်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီး၊ ရေပြတ်လပ်မှုမရှိစေရန်၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ချက်ချင်းဆောင်ရွက်ပေးရန်၊ ပြိုင်ပွဲဝင်များ၏ လိုအပ်ချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်များကို ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာကြသော ကြီးကြပ်မှုကော်မတီများမှ တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းတင်ပြ ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)