အားကစားနည်းပေါင်းစုံတွင် ကရင်ပြည်နယ်ကိုယ်စားပြုပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားကောင်းများစွာ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြစေလို

ဘားအံ ဩဂုတ် ၂၆

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်း၌ တတိယဆုရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား နှင့် ၂၀၂၂-ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော အုပ်ချုပ်သူ၊ နည်းပြအဖွဲ့နှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဂုဏ်ပြုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အားကစားကဏ္ဍအတွက် မင်္ဂလာရှိသည့်အခမ်းအနားဖြစ်သောကြောင့် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်း၌ တတိယကြေးတံဆိပ်ဆုကိုရရှိခဲ့သည့် နန်းကံကော်သန့်ဇင်သည် ကရင်ပြည်နယ်သူတစ်ဦးအနေဖြင့် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ကရင်ပြည်နယ်ဂျူဒိုအသင်းအနေဖြင့်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် အားကစားသမား(၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ပေါင်း(၅)ခုရရှိခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နောက်နောင်တွင်လည်း အားကစားနည်းပေါင်းစုံမှနေ၍ ကရင်ပြည်နယ်ကိုယ်စားပြုပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားကောင်းများစွာပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း၊ နိုင်ငံဂုဏ်ကိုဆောင်နိုင်ခဲ့သော မြန်မာ့လက်ရွေးစင်ပီတန်းအားကစားသမားနှင့် ပြည်နယ်၏ဂုဏ်ကိုမြှင့်တင်ကြိုးပမ်းအားထုတ်ခဲ့ကြသော ဂျူဒိုအားကစားမောင်မယ်တို့အား ကရင်ပြည်နယ်သူ၊ ပြည်နယ်သားအားလုံး၏ကိုယ်စား ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုအားပေးစကားပြောကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော အားကစားသမားနှင့် ကရင်ပြည်နယ်ဂျူဒိုအသင်း အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်း၌ တတိယဆုရရှိခဲ့သော နန်းကံ့ကော်သန့်ဇင်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော နန်းချောစုပိုတို့အား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဂျူဒိုပြိုင်ပွဲ(-၄၈)ကီလိုတန်း၌ ငွေတံဆိပ်ရရှိသော နော်သက်ထားပျိုအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဂျူဒိုပြိုင်ပွဲ(-၄၅)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော နန်းစန္ဒာစိုးအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က (-၆၃)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော နန်းမိုးပွင့်ဖြူအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက (-၆၀)ကီလိုတန်း၌ ကြေးတံဆိပ်ဆုရရှိသော မောင်ထက်ကိုဝင်းအားလည်းကောင်း၊ လူမှုရေးဝန်ကြီးဦးစိုးလွင်က ကရင်ပြည်နယ် ဂျူဒိုအသင်း အုပ်ချုပ်သူ/နည်းပြများကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကရင်ပြည်နယ်ဂျူဒိုအသင်းအုပ်ချုပ်သူ ဘားအံမြို့နယ်အားကစားမှူး နော်ဩလျဖောက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)