ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့ သတ်မှတ်ရေး ဆောင်ရွက်

ပုသိမ် သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ပုသိမ်မြို့၊ စည်ပင်သာယာရေးကော်မတီမှ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ပုသိမ်မြို့ ရွှေပြည်သာစျေးနှင့် မြို့မစျေးတို့တွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘာမြေကျန်းမာဖို့ ပလပ်စတစ်ကို ရှောင်ကြဉ်စို့ ဆောင်ပုဒ်နဲ့အညီ ပုသိမ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ပိုင်စျေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် မသုံးစွဲရရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူချိတ်ဆွဲခြင်းနှင့် တနင်္ဂနွေနေ့မတိုင်မီ ကြိုတင်အသိပေး ကြေညာခြင်း၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်များအစား အခြားသင့်တော်ရာပစ္စည်းများ အစားထိုးသုံးစွဲစေရေးအတွက် စျေးအကျိုးတော်ဆောင်အဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးခြင်း၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် မသုံးစွဲရရေးအတွက် မြို့တွင်းလှည့်လည် အသိပေးကြေညာခြင်း၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လူစည်ကားသည့် နေရာများ၊ အများပြည်သူ အပန်းဖြေသည့်နေရာများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် မသုံးစွဲရေး အသိပညာ Vinyl ဆိုင်းဘုတ်များ စိုက်ထူချိတ်ဆွဲခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပုသိမ်မြို့၊ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နေပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဟန်