ပုသိမ် သြဂုတ် ၂၆
ဒေသတွင်းစားသုံးဆီဖူလုံစေရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဥ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဆီလုပ်ငန်းရှင်အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးဆီအရောင်းဈေးကားကို ပုသိမ်မြို့ပေါ်ရပ်ကွက်များအတွင်း စားသုံးသူရေးရာဦးစီးဌာနနှင့် ပေါင်းစပ်၍ ရောင်းချပေးလျက်ရှိသည်။
ရပ်ကွက်တစ်ခုတွင် စားသုံးဆီ ငါးဆယ်သားဗူးအရေအတွက် ၁၂၀၀ ကို ရပ်ကွက်နေပြည်သူ တစ်ဦးလျှင် တစ်ပိသာကျပ် (၆၀၀၀) စျေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့၊ စားသုံးသူရေးရာ ဦးစီးဌာနမှသိရသည်။ Diamond Dragon Co.Ltd; မှ ငါးဆယ်ကျပ်သားပါဝင်သော ဗူးတစ်ဗူးလျှင် ၃၀၀၀/ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ဝယ်ယူသူများပြားလျက်ရှိသည်။
စားသုံးဆီအရောင်းဈေးကားကို ပုသိမ်မြို့ပေါ်ရပ်ကွက်အသီးသီးသို့ လှည့်လည်ရောင်းချ ပေးလျက်ရှိရာ ယနေ့ ၂၆-၈-၂၀၂၂ ရက်နေ့တွင် ပုသိမ်မြို့အမှတ် ၇ နယ်မြေ၊ ရာမညရပ်တွင် စားသုံးသူများအတွက် တန်းစီစနစ်ဖြင့် ရောင်းချပေးလျက်ရှိနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးတို့မှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြင့်ဟန်