သရက်ချောင်းမြို့နယ်တွင် ဒေသရေမြေနှင့်ကိုက်ညီသော မျိုးရွေးချယ်နည်းပညာပေး ရက်တိုသင်တန်းဖွင့်လှစ်

သရက်ချောင်း ဩဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဒေသရေမြေနှင့်ကိုက်ညီသော မျိုးရွေးချယ်နည်းပညာပေး ရက်တိုသင်တန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဦးဇော်မင်းစိုး၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဦးမြမောင်၊ တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုး၊ သရက်ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဦးဇော်မင်းစိုးက မြေဩဇာဥပဒေ၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျ ရောစပ်သုံးစွဲနည်းကိုလည်းကောင်း၊ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဦးမြမောင်က မျိုးစေ့ထုတ်စိုက်ခင်းများအား မျိုးကွဲနှုတ်ပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် မျိုးစေ့ထုတ်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်နည်းလမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုးက ပိုးသတ်ဆေးဥပဒေနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး သိကောင်းစရာများကိုလည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာသော တောင်သူများက သိလိုသည်များကိုမေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)