ဒေးဒရဲ သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အစဲကလေးကျေးရွာအုပ်စု၊ အစဲကလေးကျေးရွာတွင် မြစိမ်းရောင် (ငါးကဏ္ဍ) ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ ပြန်လည် ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက အစဲလေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းဟန်က ကျေးလက်နေပြည်သူများ မိမိတို့၏ ဒေသတွင်း၌ပင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သော မွေးမြူရေးလုပ်ငန်းများ၊ သားငါးထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားနိုင်ရေး မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များကို ကျေးရွာလူထု ရွေးချယ်မှုဖြင့် ပြန်လည်ဖွဲ့စည်းပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ လှိုင်ဘုန်းမြင့်က သားငါးကဏ္ဍဖြင့် မိသားစုဝင်ငွေတိုးတက် လာစေရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင်ကြရန်နှင့် ငွေကြေးလေလွင့်ဆုံးရှုံးမှု မရှိစေရေး စာရင်းဇယားများ တိတိကျကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ အစဲကလေးကျေးရွာ မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာရန် ပုံငွေကြီးကြပ်မှု ကော်မတီဝင်များအား ကျေးရွာပြည်သူများ ရွေးချယ်မှုဖြင့် ပြန်လည်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း