မကွေး ဩဂုတ် ၂၆
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မကွေးမြို့၊ မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်ဝင်းမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများနှင့် ဘိုးဘွားရိပ်သာများမှ ကြီးကြပ်မှုကော်မတီဝင်များနှင့်ဂေဟာမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း(၇)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ကြီးကြပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်နိုင်ငံတော်မှ ခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေဖြင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများနှင့် မသန်စွမ်းဂေဟာများကို သတ်မှတ်အဆင့်အလိုက် တစ်နှစ်လျှင်(၁)ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာ(၃)ခု၊ စေတနာမူလတန်းညကျောင်း(၁) ကျောင်းနှင့်ဘိုးဘွားရိပ်သာ(၅)ခုရှိ ကလေးသူငယ်များ၊ ဘိုးဘွားများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် သိန်း(၂၅၀)ခန့်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ကလေးသူငယ်များနှင့် ဘိုးဘွားများအတွက် အကျိုးရှိစွာ အသုံးချရန်နှင့်အလွဲ မသုံးမိစေရန် လိုအပ်ပါကြောင်းနှင့် ပရဟိတဂေဟာနှင့်ဘိုးဘွားရိပ်သာများမှ ကြီးကြပ်သူ တာဝန်ခံများအနေဖြင့်လည်း ဂေဟာ/ရိပ်သာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်ချက်များကို စိတ်အား ထက်သန်စွာ ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများနှင့်စေတနာမူလတန်း ညကျောင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား စေတနာ့ဝန်ထမ်း တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ မကွေးမြို့ မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား မုန့်နှင့်အချိုရည်များအားပေးဝေခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)