ဒေးဒရဲ သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ မိုးပန်းမွန် (ရာမည) ရေးသားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ပါ တန်ဖိုးရှိသောလူ ဆောင်းပါးနှင့် လူငယ်နှင့် အချိန်၏တန်ဖိုး ဆောင်းပါးများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုလေ့လာသည့် အလေ့ အကျင့်ကောင်းများ ရရှိစေရေးနှင့် ပြည်သူများ ဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ဝိုင်းများ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲများနှင့် အသိပညာပေး Talk Show များကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း