ဝါးခယ်မ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ အညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှု အသုံးပြုခြင်းဆိုင်ရာ သင်တန်း/ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲအခမ်းအနားကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းဆရာ၊ ဆရာမများတက်ရောက်ကြပြီး ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ၂၀၂၂-၂၀၂၃ အညာသင်နှစ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ကိစ္စရပ်များအား နေ့စဉ်ကြည့်ရှုစစ်ဆေးရန်၊ စာသင်ကြားရာတွင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးအနေဖြင့် ထည့်သွင်းပြောကြားရန်၊ ကျောင်းသားများအား ကွမ်းယာ၊ ဆေးလိပ်၊ အရက်များ သောက်သုံးခြင်းမပြုရန်နှင့် သောက်သုံးမှုတွေ့ရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများထံအသိပေး၍ အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်ရန်၊ မိုးရာသီကာလအတွင်း ကျန်းမာရေးကို အထူဂရုပြု ကြည့်ရှုစောင့်ရှောက်ရန်နှင့် ကျောင်းကျန်းမာရေး ကော်မတီအသင်းအဖွဲ့များ ဖွဲ့စည်းရန် မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၃၃၆)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၈)ဦးတက်ရောက်၍ နည်းပြ(၄)ဦးမှ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)