ဒေးဒရဲမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်း လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီခွဲက အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၁) တိုးချဲ့၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူ များအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး၊ အာဟာရ ပြည့်ဝမျှတစွာ စားသုံးတတ်စေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးကုသ ပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုစစ်ဆေးပေးခြင်း သံချဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုအခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ အထွေထွေကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ကို သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို  ပညာရေးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

အေဇာလင်း