ငါးသိုင်းချောင်းမြို့ရှိ စျေးများ၌ ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အကြောင်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ငါးသိုင်းချောင်း သြဂုတ်လ ၂၆

ကျုံပျော်ခရိုင် ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၊ အောင်ဆန်းစျေးတို့နှင့် ပျံကျစျေးများ၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းကို ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့ဟု သတ်မှတ်ကြောင်း စျေးရောင်းစျေးဝယ် ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသည့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများအတွင်း စျေးရောင်းချသူများအနေဖြင့် (၂၈.၈.၂၀၂၂)ရက်နေ့ တနင်္ဂနွေနေ့က စတင်ကာ စားသောက်စရာများ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးများကို ပလတ်စတစ်အိတ်များအစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်များနှင့် သတင်းစာစက္ကူများ၊ ပုံးများ၊ ချိုင့်များ စသည့် အခြားသင့်လျော်သော ထုပ်ပိုးပစ္စည်းများဖြင့်သာ အစားထိုးသုံးစွဲကြခြင်းဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်းကို ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဉီးခင်ညွန့်က တိုက်တွန်းနိုးဆော်ခဲ့ကြောင်း သိရှိရပါသည်။

ပလတ်စတစ်အိတ်များ အသုံးပြုခြင်းသည် ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်သလို အမှိုက်အဖြစ် စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို အရုပ်ဆိုး အကျည်းတန်စေပြီး မြေဆီသြဇာကို ပျက်စီးစေသဖြင့် ပြည်သူများ ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

နှင်းယုဝေ(ပြန်/ဆက်)