မြဝတီ သြဂုတ် ၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြို့မဘောလုံးကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ (အကြီးတန်းနှင့်အလတ်တန်း)ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလတ်တန်းအသင်းများဖြစ်သည့် ဗန္ဓုလအသင်းနှင့် အလောင်းဘုရား၊ အကြီးတန်းအသင်းများဖြစ်သည့် အနော်ရထာအသင်းနှင့် အလောင်းဘုရားအသင်းတို့ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြသည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အကြီးတန်း ဘောလုံးအသင်း ပထမဆုရရှိသည့် အနော်ရထာအသင်းအားလည်းကောင်း၊ အဖွဲ့ဝင် ဦးစိန်သောင်းက အကြီးတန်းဘောလုံးအသင်း ဒုတိယဆုရရှိသည့် အလောင်းဘုရားအသင်းအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးက အကြီးတန်းဘောလုံးအသင်း တတိယဆုရရှိသည့် ဘုရင့်နောင်အသင်းတို့အားလည်းကောင်း ချန်ပီယံဖလား၊ လည်ဆွဲပြားဆုနှင့် ငွေသားဆုများအား အသီးသီးချီးမြှင့်ပေးသည်။
ဆက်လက်ပြီး အလတ်တန်းဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အလောင်းဘုရားအသင်း၊ ဒုတိယဆုရရှိသည့် ဗန္ဓုလအသင်း၊ တတိယဆုရရှိသည့် အနော်ရထာအသင်းတို့နှင့် အကြီးတန်းနှင့် အလတ်တန်းတို့တွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အခြားဆုများအား တာဝန်ရှိသူများမှ အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)