ထားဝယ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် သြဂုတ် ၂၆

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ လာမည့် တနင်္လာနေ့ ၂၉ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပမှာဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ပြိုင်ပွဲဝင်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကုန်ကျစရိတ်များကို ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသောလုပ်ငန်းကော်မတီဝင်များက ပြိုင်ပွဲကျင်းပရေးနှင့် ဧည့်ခံကျွေးမွေးရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲဝင်များစိစစ်ရွေးချယ်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး စသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)