လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြင်စလူမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြင်စလူ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လယ်ပိုင်းက ပြင်စလူမြို့ရှိ ဆေးရုံရှယ်တာ၊ အ.ထ.က ရှယ်တာနှင့် ကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ) ကျောင်းသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်မှ မုန်တိုင်းဒဏ်ခံဆေးရုံရှယ်တာသို့ သွားရောက်၍ ဆေးရုံဝန်းအတွင်း ကုသရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် "တ"တစ်လုံး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဆေးရုံဆောက်အဦ ရေပိုက်တပ်ဆင်ခြင်းလုပ်ငန်းနှင့် ရေမော်တာဆပ်ဆင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ ဆေးရုံအတွင်း ဆေးကုသမှုခံယူလျက်ရှိသော လူနာများအား အားပေးစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံရှယ်တာမှ မုန်တိုင်းဒဏ်ခံ (အ.ထ.က)ကျောင်း ရှယ်တာသို့ ရောက်ရှိခဲ့ပြီး အ.ထ.က ကျောင်း အဆောက်အဦအတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရေမော်တာတပ်ဆင်ခြင်းလုပ်ငန်း၊ မိုးရေလှောင်ကန် အမိုးမိုးခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ကုန်းကြီးကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းသို့ ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အလျား (၁၂၀)ပေ၊ အနံ (၃၀)ပေရှိ ကျောင်းဆောင်သစ် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မေမြတ်နိုင်(ပြန်/ဆက်)