ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်မျိုးစိတ်သစ်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ယခုအချိန်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ် (BA4. BA5) ရောဂါပိုးများသည် နိုင်ငံအနှံ့၌ ကူးစက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါပိုးများ ကူးစက်လျက်ရှိပြီးဖြစ်သည့်အတွက် လတ်တလောဖြစ်ပွားနေသည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များ ကာကွယ်ဖို့ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရေး၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရေး၊ လူအများလူစုလူဝေးရှိရာ ရှောင်ရှားရေး၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူကြရေးနှင့် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေး မထိုးနှံရသေးသည့်ပြည်သူများ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံကြရေး သတ်မှတ်ဆေးထိုးအကြိမ်အရေအတွက် မပြည့်သေးသော ပြည်သူများအနေဖြင့် သတ်မှတ်နေရာများ၌ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရေး စသည့် ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)