စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်၊ ကလေးဝမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားများတက်ရောက်

မုံရွာ သြဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် ကလေးခရိုင်၊ ကလေးဝမြို့သို့ရောက်ရှိရာ ရွှေမုဌောကျောင်းတိုက် ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးဝမြို့ရှိ အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အောက်ဆီဂျင်လိုအပ်ချက် ရှိလာပါက ပြည့်မီစွာထုတ်လုပ်နိုင်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အောက်ဆီဂျင်ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချင်းတွင်းမြစ်မှ ကလေးဝမြို့ အမှတ် ၁-၂-၃- ရပ်ကွက်များသို့ သောက်သုံးရေပေးဝေရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရေပေးဝေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နေပြည်သူများအတွက် သောက်သုံးရေ လုံလောက်စွာ ပေးဝေနိုင်ရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးဝမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် EID စနစ်ဖြင့် အိမ်ထောင်စုဇယားများ ရေးသွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးဝမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သစ္စာရှိပြီးစည်းလုံးစွာဖြင့် ကျေပွန်အောင် ထမ်းဆောင်နေကြသည့်အတွက် အသိအမှတ်ပြုဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ လူမူမီဒီယာများတွင် ဝန်ထမ်းများနှင့် ပြည်သူများအား အကြောက်တရား ဖြစ်ပေါ်လာအောင် ခြိမ်းခြောက်ကာ မဟုတ်မမှန်ပြောဆိုနေမှုများနှင့်၊ လုပ်ဆောင်နေမှုများကို ယုံကြည် လိုက်နာစရာ မလိုကြောင်း၊ လုံခြုံရေးအသိသတိတို့ဖြင့် နေထိုင်သွားလာ လုပ်ကိုင်ကြရန်နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး တရာဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေများအား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးဝမြို့ရှိ ချင်းတွင်းမြစ်သာခန်းမ ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ်- ၆၅၀၀၀၀၀ (ခြောက်ဆယ်ငါးသိန်း) အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့များအတွက် ငွေကျပ် - ၅ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကလေးဝမြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိသော ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး ကလေးဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကလေးဝမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး  (ပြန်/ဆက်)