ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံမျိုးစုံ (၅၃၄၅၂) ဧကနှင့် မိုးစပါးသီးနှံ (၄၆၇၅၄) ဧက စိုက်ပျိုးထားရှိ

ပေါက်ခေါင်း ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံရေးနှင့် စားသုံးဆီဖူလုံရေးတို့အတွက် မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်၊ ယာ၊ ကိုင်းကျွန်းမြေများ၌ ယခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံမျိုးစုံ (၅၃၄၅၂) ဧကနှင့် ဆန်စပါးသီးနှံ(၄၆၇၅၄)ဧကကို မိုးရေသောက်နှင့် ဆည်ရေသောက်စနစ်တို့ဖြင့် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာ၌ တောင်သူများမှ အထွက်တိုး စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြရာ GW-11၊ မနောသုခ၊ မှော်ဘီဆန်းနှင့် ရတနာ တိုးစပါးမျိုးများကို စိုက်ပျိုးလျက်ရှိရာ မိုးစပါးစိုက်ပျိုးဧက(၄၆၇၅၄)ဧကနှင့် ဆီထွက်သီးနှံ များဖြစ်သော မိုးနေကြာ(၇၂)ဧက၊ မိုးမြေပဲ(၁၅၃၃၄)ဧကနှင့် မိုးနှမ်း(၃၈၀၄၆)ဧက၊ စုစုပေါင်း ဆီထွက်သီးနှံ(၅၃၄၅၂)ဧက စိုက်ပျိုးထားရှိကြောင်းသိရသည်။‌ တောင်သူများ၏ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ မိုးစပါးလျာထားဧက ပြည့်မီ‌ကျော်လွန် စိုက်ပျိုးနိုင်‌ရေးနှင့် ပိုးမွှားကျရောက်မှုမရှိစေရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်း များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာတောင်သူများနှင့်ပူးပေါင်း၍ ကျေးရွာစိုက်ခင်းများအရောက် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)