ကန့်ဘလူ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျောင်းပိတ်ရက်အတွင်း ပြပွဲ ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များ၌ ကျောင်းစာအပြင် အသိပညာဗဟုသုတ တိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန်၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပူဖောင်း ဖောက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကာ ပြိုင်ပွဲများကိုလည်း ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးတို့မှ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များကို အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)