မင်းဘူး ဩဂုတ် ၂၆
စကုမြို့တွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ်များမှ ယနေ့အထိ မပျက်မယွင်း တည်ရှိနေသော ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးစသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ဖော်ဆောင် ပြုပြင်ထားကြောင်း စကုမြို့ သမိုင်းသုတေသီ ဦးဇော်မျိုးဦးထံမှ သိရသည်။
စကုမြို့သည် မန်းချောင်းလွင်ပြင်ပေါ်တွင် တည်ရှိပြီး ၁.၅ မိုင်ကျယ်ဝန်းကာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး တောင်ဘက်တွင် မင်းဘူးမြို့၊ မြောက်ဘက်တွင် ပွင့်ဖြူမြို့၊ အနောက်ဘက်တွင် ငဖဲမြို့နှင့် အရှေ့ဘက်တွင် ဧရာဝတီမြစ်တို့ တည်ရှိကြသည်။ စကုမြို့ကို (ဇာတာတော်ပုံ ရာဇဝင်နှင့် တင်နိုင်တိုး၏ မြန်မာမြို့ အဘိဓာန်စာအုပ်တွင်) တောင်တွင်းမင်း သီဝိပဒေက ခရစ်နှစ် ၁၂၉၉၊ မြန်မာသက္ကရာဇ် ၆၆၁ ခုနှစ် နတ်တော်လဆန်း ၇ ရက်နေ့တွင် အကျယ်အဝန်း တာ(၇၁၀)၊ (၄၀၀) ပြုမြို့အဖြစ် မြို့သစ် တည်ဆောက်ထားကြောင်း သိရသည်။
စကုမြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော စေတီတော်ပေါင်း (၁၆၈) ဆူ၊ အရံစေတီပေါင်း (၂၂၁) ဆူ၊ ရုပ်ပွား ဆင်းတုတော် (၁၄၃) ဆူ၊ ခြင်္သေ့ရုပ်ပေါင်း (၁၇၃) ရုပ်၊ နယားရုပ် (၁၈) ရုပ်၊ တံခွန်တိုင် (၁၅) တိုင်၊ မနုသီဟ (၄၃) ရုပ်၊ နတ်ရုပ် (၄) ရုပ်၊ ခေါင်းလောင်း (၁၇) လုံး၊ ခြေတော် ရာ (၁) ဆူ၊ ဓမ္မာရုံ/ဇရပ် (၂၅) လုံးနှင့် ရုပ်စုံကျောင်းများဖြစ်ပြီး ထင်ရှားသေား စေတီပုထိုးနှင့် ရုပ်စုံကျောင်းများမှာ ထေကြီးစေတီ၊ ဘိုးနန်းသူစေတီနှင့် မှန်ကင်း ရုပ်စုံကျောင်း၊ သုံးထပ် ရုပ်စုံကျောင်းအပြင် ကန်ဦးဘုန်းတော်ကြီးကျောင်းနှင့် အသင်္ခရာအုတ်ကျောင်း (ခ) ပထမတိုက် အုတ်ကျောင်းတို့မှာ ရှေးမူလက်ရာအတိုင်း ပြန်လည်ပြုပြင် ဖော်ဆောင်လျက်ရှိပြီး၊ ၎င်းနေရာများမှာ စကုမြို့၏ အထင်ကရနေရာများ ဖြစ်ကြ၍ ကမ္ဘာလှည့်ခရီးသွားများ မကြာခဏ လာရောက်လည်ပတ်၍ ကြည့်ရှုလေ့လာကြသော နေရာများ ဖြစ်ကြသည်။
ဇေယျာထက်(မင်းဘူး)